Saturday, November 20, 2010

ဝေဘူဆရာတော်...အဆုံးအမ ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီး ညွှန်ပြတော်မူလေ့ရှိသော




သန္ဒိဌိက ဓမ္မလမ်းစဉ်

ဘုရားအဆုံးအမဖြစ်တဲ့ ပိဋကတ်သုံးပုံ အကုန်လုံးဟာ ‘ဆင်းရဲလွတ်မှုတစ်ခု’ဖြစ်လို့ နည်းတွေများသော်လည်း အားလုံးအတူတူပဲ။ အကုန်လုံးလိုက်ပြီး လုပ်စရာမလိုဘူး။ အများကြီးထဲက ကြိုက်ရာတစ်ခုကို ၀ီရိယမှန်မှန်နဲ့ သန်သန်လုပ်ဖို့ အရေးကြီးတယ်။

စရဏ (အကျင့်) နဲ့ ၀ိဇ္ဇာ (အသိ) တပြိုင်နက်ဖြစ်အောင် လုပ်ရတယ်။ တစ်ချိန်တည်းမှာ အလုပ်နှစ်ခုပြီးတာ ဒါပဲရှိတယ်။ (အလုပ်လုပ်ရင်း ရအောင်ရှုပါ။)

ဘုရားစကား၊ ဆရာ့စကား တစ်ထစ်ချနာယူ၊ အရာရာ ရိုသေ၊ ကိုယ်ကို နှိမ့်ချ၊ ခန္တိနဲ့ မေတ္တာ များများထားပြီး လုပ်ရတယ်။

‘၀ိပဿနာတရား’ဆိုတာ ထင်ရှားတဲ့တရားကို မြင်အောင် ရှုမှတ်ခြင်းပင်ဖြစ်တယ်။ ထင်ရှားရှိတဲ့တရားကို မြင်အောင်မရှုနိုင်ရင် ၀ိပဿနာ မဖြစ်ဘူး။

ထင်ရှားတဲ့ တရားဆိုတာ တခြားမှာသွားပြီး ရှာရတာမျိုးမဟုတ်ဘူး။ ရှောင်မရ၊ တိမ်းမရ မမြင်ချင်လို့ မနေရအောင် ကိုယ်မှာ အမြဲထင်ရှားရှိနေတဲ့ ရုပ်နာမ်တရားတွေပဲ ဖြစ်တယ်။

ကိုယ်မှာ အမြဲထင်ရှားရှိတဲ့ ရုပ်နာမ်တရားတွေထဲမှာ လူတိုင်း နားလည်လွယ်ကူတာဟာ ‘အာနာပါန’ ၀င်လေထွက်လေ ရှုမှတ်မှု ဖြစ်တယ်။

‘ထွက်လေ ၀င်လေ’ဆိုတာ အမိဝမ်းမှ မွေးကတည်းက သေသည်အထိ အမြဲမပြတ် တရစပ်ရှိနေတဲ့ တရားသဘော ဖြစ်တယ်။ အလုပ် လုပ်နေရင်း၊ စကားပြောနေရင်း၊ စာကျက်နေရင်း၊ အိပ်ပျော်နေရင်းလည်း ရှိနေတာပဲ။

ထွက်လေ ၀င်လေဟာ အမြဲမပြတ်ရှိနေသော်လည်း အမှတ်တမဲ့နေကြလို့ ‘သတိမမူ ဂူမမြင်’ ဖြစ်နေကြတယ်။ ‘သတိမူရင် မြူတောင်မြင်ရတယ်’ ဆိုတာလို ဂရုစိုက်ပြီး ကြည့်ရှုနေမှ ရှိမှန်းသိကြတယ်။

‘ကြည့်’ ဆိုရာမှာ ၀ိပဿနာဖြစ်ဖို့ရာအတွက် ထွက်လေ ၀င်လေထိရာ နှာဖျား နှာဝမှာ ၀င်တိုင်းထွက်တိုင်း ရိပ်ရိပ်နဲ့ တထိတည်း ထိနေတာကို တသိတည်းသိနေအောင်၊ တရစပ် သိမြင်အောင် ကြည့်ရှုနေရမယ်။ အိမ်အမိုးကို စပ်အောင် ထူထူမိုးမှ နေပူဒဏ်၊ မိုးရွာဒဏ်ကို ခံနိုင်တယ်။ (၂၄ နာရီ အမြဲမပြတ် တစ်စပ်တည်း ရပါစေ။)

တစ်ရက် ၂၄-နာရီ တစ်စပ်တည်းရလျှင် အလွန်သိသာပါတယ်။ (နိသဇ် = လျောင်းစက်၍ မအိပ်သော၊ ဓုတင် = အကျင့်ကိုဆောင်) ဘုရားဆုံးမတာမှန်သမျှ ဆင်းရဲအောင် မဆုံးမဘူး။ ချမ်းသာဖို့ချည်းပဲ။ ဘုရားလက်ထက်က နိသဇ်ဆောင်တဲ့ ပုဂ္ဂိုလ်များ ပိုပြီးတောင် အသက်ရှည်ကြ၊ ကျန်းမာကြတယ်။ အိပ်ချင်လို့ အိပ်ရင် တစ်သံသရာလုံး နိုးတော့မှာမဟုတ်ဘူး။ အိပ်ချင်ရင် မအိပ်တဲ့နေရာရှိတယ်။ အဲဒီကို ရောက်အောင်သွား။

ထိတာကို သိနေရင် သိက္ခာသုံးပါ၊ မဂ္ဂင်ရှစ်ပါးမှအစ ဗောဓိပက္ခယတရား ၃၇-ပါး၊ ပိဋကတ်သုံးပုံ အလုံးစုံ တစ်ပြိုင်နက် ပါဝင်ပြီးဖြစ်တယ်။

တရိပ်ရိပ်နဲ့ ထိတိုင်း၊ ပျောက်တိုင်း (ရုပ်နာမ်) ဖြစ်မှုပျက်မှုတွေ ဖြစ်ပျက်ပြီး နေခြင်းဖြစ်တယ်။

တရိပ်ရိပ်နဲ့ နှာဖျားမှာ ထိလိုက်၊ ပျောက်လိုက်နေတာတွေကိုသာ တစ်ဆက်တည်း သိမြင်အောင် ကြည့်ရှုနေရင် ကြာရင် ၀ိပဿနာ သမာဓိ တစ်စထက်တစ်စ၊ တစ်ခဏထက် တစ်ခဏ တိုးတက်ပြီး အားကြီးလာတဲ့အခါ နှာဖျား၊ နှာဝတွင်သာမက ခန္ဓာကိုယ်မှာလည်း အလိုလို တရိပ်ရိပ် တရွရွတွေ ဖြစ်ပျက်နေတာကို တွေ့ရမယ်။

တစ်ကိုယ်လုံး တရိပ်ရိပ်၊ တရွရွ အမြဲမပြတ်ဖြစ်နေတာကို တွေ့လာရတဲ့အခါ (အနိစ္စကို ကောင်းစွာမြင်သာသောကြောင့်) ဒုက္ခနဲ့ အနတ္တဟာ အလိုလို ထင်မြင်လာလိမ့်မယ်။ ပါးစပ်ကနေ ဆိုနေဖို့ မလိုဘူး။ ၀ိပဿနာအလုပ်ဟာ ထိမှုကို ကြည့်ရှုသိနေရုံသာဖြစ်တယ်။ ကြည့်နေရင်း ရှုမှတ်နေရင်း သိထိုက်သမျှကို အလိုလို တစ်နေ့ထက်တစ်နေ့ တိုးပြီး တိုးပြီး သိလာလိမ့်မယ်။

အဲဒီလို တရိပ်ရိပ်နဲ့ ထိမှု၊ သိမှုတို့ကို ကြည့်ရှုနေရင်း မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ဆိုက်လာပြီဆိုရင် အလွန်သိသာလှပါတယ်။ ဘယ်လို သိသာသလဲဆိုတော့ ‘ရေငတ်၍နေသော သူသည် ရေကိုသောက်ရသည်ရှိသော် ရေငတ်ပြေသကဲ့သို့’ ဖြစ်သွားတော့တယ်။ သူများမေးစရာမလို ကိုယ်တိုင်သိမယ်။ (သန္ဒိဋ္ဌိကော)
(သန္ဒိဋ္ဌိကော = ချမ်းသာအစစ်ကို ကိုယ်တိုင်လက်ငင်းတွေ့နေရတယ်။)

မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို ရပြီး ရောက်ပြီးလို့ ဖလသမာပတ်ကို ၀င်စားချင်ရင် မိမိလာခဲ့ဖူးတဲ့ ၀ိပဿနာလမ်းကို ပြန်ကြည့်ရတယ်။ ဖလသမာပတ်ဟာ ကိုယ်ပိုင်အိမ်နဲ့တူတယ်။

ယုံယုံကြည်ကြည်၊ လုံ့လ၀ီရိယရှိရှိနဲ့ ထိမှု သိမှုတို့ကိုသာ တစ်ဆက်တည်းဖြစ်အောင် ကြည့်ရှုနေ။ ထွေလီကာလီတွေကို လိုက်မလုပ်နဲ့၊ အခုလုပ်၊ အခုမီးငြိမ်း၊ အခု ချက်ချင်းပဲ ချမ်းသာတယ်။
(အကာလိကော = ကာလမခြား အကျိုးရှိတယ်။)

ဓမ္မဒါနအလှူရှင်
ဦးသန့် + ဒေါ်စောရင် (ချန်ပီယံမိသားစု)
ကြာပန်း တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး
ဖုန်း - ၆၈၂၅၂၅၊ ၆၈၁၉၇၂

Saturday, October 23, 2010

ခေတ်မှီပါဠိသင်ကြားနည်းစနစ်

ပါဠိဟူသောပုဒ်သည် စောင့်ရှောက်ခြင်းအနက်၊ ထိန်းသိမ်းခြင်းအနက်၊ စီတန်းခြင်းအနက်၊ သီကုံးခြင်းအနက်၊ ကန်သင်း ကန်ဘောင်ဆည်ခြင်းအနက်တို့ကို ဟောသည်။ ထိုပါဠိအမည်ရသည့် ဘာသာစကားကို မဂဓတိုင်းသားတို့က မိခင်စကား၊ ဖခင်စကားအဖြစ် ပြောဆိုကြသည်၊ ရေးသားကြသည်၊ သုံးစွဲကြသည်။ မဂဓတိုင်းသည် ထူးခြားမွန်မြတ်သည့် တိုင်းတစ်ခုဖြစ်သည်။ ဘုရားအဆူဆူတို့သည် မဂဓတိုင်း၌ ပွင့်တော်မူကြကုန်၏။ မဂဓတိုင်းသားတို့၏ ဘာသာစကားနှင့် စာပေသည် ဇမ္ဗူဒီပဟူသော အိန်္ဒိယပြည်ကြီး၌ လွှမ်းမိုးကျယ်ပြန့်လျှက် ရှိခဲ့သည်။ လူအများပြောဆို သုံးစွဲသည့် ဘာသာစကား၊ ကလေးများပင်လျှင် နားလည်လွယ်သော၊ တောသားတောင်သူတို့ပင် နားလည်လွယ်သော အများသုံးဘာသာစကား၊ Common Language ဖြစ်သည်။

သိဒ္ဓတ္ထဂေါတမဗုဒ္ဓသည် သက္ကတိုင်းသားပင် ဖြစ်ငြားသော်လည်း သက္ကဘာသာစကားကိုသုံးစွဲ၍ သူ၏ဓမ္မတို့ကို မဟောကြားခဲ့၊ လူအများတို့၏ အကျိုးစီးပွားအလို့ငှာ ပွင့်တော်မူလာသော မြတ်ဗုဒ္ဓသည် သူ၏ဓမ်္မကို လူအများတို့ သိနားလည်စေချင်သောကြောင့် အများသုံးဘာသာ စကားကို သုံးစွဲ၍ သူ၏ဓမ္မတို့ကို ဟောပြောဖြန့်ချိတော်မူခဲ့သည်။ ယနေ့ခေတ်တွင် ဗုဒ္ဓဓမ္မတို့ကို ကမ္ဘာသို့ပြန့်ပွား စေရန် ကမ္ဘာသုံးဘာသာစကားဖြစ်သည့် အင်္ဂလိပ်ဘာသာဖြင့် ဖြန့်ချိရသကဲ့သို့ပင် ဖြစ်သည်။ အင်္ဂလိပ်ဘာသာ၏ ပေါက်ဖွားရာ၊ မြစ်ဖျားခံရာ ဘာသာသည် လက်တင်ဘာသာဖြစ်ငြား သော်လည်း လက်တင်ဘာသာစကားကို ယနေ့ပြောဆိုသုံးစွဲနေမည်ဆိုလျှင် လူတန်းစားအားလုံး နားလည်ဖို့ရန်မဖြစ်နိုင်ပေ။ ထိုနည်းတူစွာပင် မြတ်ဗုဒ္ဓသည် သူကိုယ်တိုင် ပြောဆိုသုံးစွဲခဲ့သော မဂဓဘာသာဖြင့်သာလျှင် သူ၏ဓမ္မတို့ကို ထိန်းသိမ်းရန်, စောင့်ရှောက်ရန်, စနစ်တကျ စုစည်း သီကုံးထားရန် သုတ်၊ ၀ိနည်း၊ အဘိဓမ္မာ၊ သို့မဟုတ် ဒီဃ၊ မစ္ဇျိမ၊ ခုဒ္ဒက စသည်အားဖြင့် ကန်သင်း ကန်ဘောင်ခတ်၍ စနစ်တကျ ထိန်းသိမ်းရန် လမ်းညွှန်မှာကြားဆုံးမတော်မူခဲ့ပါသည်။ လက်တင်ဘာသာကဲ့သို့ ပညာတတ် လူနည်းစုတို့သာ သိရှိနားလည်နိုင်သော သက္ကတဘာသာဖြင့် သူ၏ဓမ္မကို ထိန်းသိမ်းရန်ကိုကား တားမြစ်ပိတ်ပင်တော်မူခဲ့လေသည်။ ထို့ကြောင့်ပင် ရှေးမူနှင့် အစဉ်အလာကို မြတ်နိုးတော်မူကြကုန်သော မြတ်ဗုဒ္ဓ၏ အဆုံးအမ (ဓမ္မ၀ိနယ)ကို ဗုဒ္ဓ လက်ထက်တော်က မူအတိုင်း ရှေးမူမပြတ် ထိန်းသိမ်းစောင့်ရှောက်တော်မူလိုကြကုန်သော ထေရ၀ါဒီ သံဃာတို့သည် ဗုဒ္ဓပါဝစနတို့ကို နှစ်ပေါင်း ၂၅၀၀ ကျော် ခရီးတစ်လျှောက် ပါဠိဘာသာ၊ မဂဓ ဘာသာဖြင့်သာလျှင် ထိန်းသိမ်းစောင့်ရှောက်တော်မူခဲ့ကြကုန်၏။ သို့ဖြစ်ခြင်းကြောင့် ပါဠိဘာသာ ကို Buddhist Language ဗုဒ္ဓဘာသာဟု ခေါ်ဆိုနိုင်ပေသည်။



မြတ်ဓမ္မ၏ သဘောတရားကို အရင်းအမြစ် အနှစ်ထိအောင် နားလည်တတ်မြောက်လိုလျှင် ပါဠိ၊ မဂဓဘာသာကို အရင်းအမြစ် အနှစ်ထိအောင် သင်ရမည်သာဖြစ်သည်။ အရင်းအမြစ်အနှစ်ထိအောင် မသင်ကြားနိုင်လျှင်၊ မတတ်မြောက်လျှင် ဓမ္မရသ၊ ၀ိမုတိ္တရသတို့ကို အပြည့်အ၀ ခံစားနိုင်ကြမည်မဟုတ်ပေ။ သာသနာနှစ် ၅၅၀ ခန့်က သဗ္ဗတ်္ထိဝါဒီဂိုဏ်းသားတို့ ပါဠိဘာသာကို သက္ကတဗုဒ္ဓဘာသာသို့ ပြန်ဆိုခဲ့ကြသည်။ ထိုဂိုဏ်းသားတို့၏ သက္ကတဘာသာသည် မြောက်ပိုင်းမဟာယာနဂိုဏ်းသားတို့၏ ဗုဒ္ဓ၀ါဒ ရေသောက်မြစ်ဖြစ်လေသည်။ ပါဠိမှ သက္ကတ၊ သက္ကတမှ တရုတ်ဘာသာသို့ အဆင့်ဆင့် ဘာသာပြန်ပြီးမှ ဗုဒ္ဓဓမ္မကို ရရှိကြကုန်သော တရုတ်၊ ကိုရီးယား၊ ဂျပန် ဗုဒ္ဓဘာသာဝင်တို့သည် ယနေ့ခေတ်၌ ထေရ ၀ါဒ ဗုဒ္ဓဘာသာဘက်ကို ဦးလှည့်လာနေကြသည်မှာ ကျူတောထဲကလူတွေ ကျွန်းတောဘက်သို့ ရွှေ့ပြောင်းနေကြသည်နှင့်တူ၏။



ထို့ကြောင့် ယနေ့ ကျွန်ုပ်တို့ ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် မြတ်ဓမ္မ၏ အရင်းအမြစ် အနှစ်တို့ကို ထိထိရောက်ရောက် မိမိပေါက်ပေါက် တတ်ကျွမ်းနားလည်ဖို့ရန် ပါဠိတက္ကသိုလ်ကျောင်း တိုက်ကြီးများကို တည်ဆောက်သင်ကြား ပို့ချနေကြခြင်းဖြစ်သည်။ ထို့ကြောင့် ထေရ၀ါဒတို့၏ မူစနစ်ကား ကျွန်းတောမှ ကျွန်းတောသို့ ဖြစ်၏။ ကျွန်းတောမှ ကျူတောသို့ ဘယ်တော့မှမပြောင်း။ ပြည်ထောင်စု မြန်မာနိုင်ငံတော်သို့ ဗုဒ္ဓသာသနာရောက်ခဲ့သည်မှာ ပါဠိဘာသာဖြင့် ရောက်ရှိလာ ခဲ့ခြင်းဖြစ်၏။ မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ ဗုဒ္ဓသာသနာပြန့်ပွားသွားခြင်းမှာလည်း ပါဠိဘာသာဖြင့် သာလျှင် ပြန့်ပွားသွားခြင်းဖြစ်၏။ ထေရ၀ါဒီတို့၏ သင်္ဂါယနာ (၆)တန်သည် ပါဠိဗုဒ္ဓဘာသာကို (၆) ကြိမ်တိုင်တိုင် အတည်ပြု (ထပ်မံအတည်ပြု) Reconfirm သို့မဟုတ် Recommend ပြုလုပ်တော် မူကြခြင်းဖြစ်သည်။ ယနေ့ ကမ္ဘာ့ဗုဒ္ဓဘာသာနယ်မြေ၌ မြန်မာ့ထေရ၀ါဒ ဗုဒ္ဓဘာသာ ရှေ့တန်းနေရာ မှာ ရောက်ရှိနေခြင်းသည် မြန်မာ့ထေရ၀ါဒ ပါဠိစာပေ သင်ကြားရေးစနစ်၏ ထိရောက်မှုကြောင့်ပင် ဖြစ်သည်။ သီဟိုဠ်၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံတို့၌ အဘိဓမ္မာ သင်ကြားနည်းစနစ် ပျောက်ကွယ်ခဲ့ပြီးဖြစ်သည်။ ၀ိနည်း(၅)ကျမ်း ပေါက်ရောက်အောင် သင်ကြားသည့်စနစ်လည်း မရှိတော့ပါ။ ၀ိနည်း၌ ပါတိမောက္ခ၊ အဘိဓမ္မာ၌ အဘိဓမ္မတ္ထသင်္ဂဟ၊ သုတ္တန်၌ သုတ္တသင်္ဂဟမျှလောက်သာ သင်ကြားသည့် စနစ်သို့ ရောက်နေကြပြီဖြစ်ရာ နိဗ္ဗာန်မြို့တော်ကြီး၏ တံခါးဝဆီသို့ ကွေ့ကောက်ရှည်လျားစွာ ဖောက်ထားသောလမ်းပေါ်၌ (အ၀ိဇ္ဇာ၊ တဏှာ၊ ဒိဋ္ဌိ) ချုံမြက်ပေါင်းတို့ ထူထပ်စွာပေါက်ရောက် နေရာဝယ်၊ အပေါ်ယံချုံနွယ်ကလေးများကို အသာနှင်၍ နိဗ္ဗာန်တံခါးဝကို လမ်းထိပ်မှ၊ ခပ်လှမ်းလှမ်းမှ လှမ်းမျှော်၍ လမ်းလွဲသွားကြကုန်သော သံသရာခရီးသည်များ ဖြစ်ကြလေကုန်ပြီဟုဆိုလျှင် မှားအံ့မထင်။



သို့သော် မြန်မာ့ထေရ၀ါဒီ သံဃာတော်တို့၏ စာပေသင်ကြားသည့်နည်းစနစ်မှာ နိဗ္ဗာန်တံခါးဝဆီသို့သွားသော လမ်းကောက်ကိုလည်း ကောင်းကောင်းကြီး ဖြောင့်နိုင်ခဲ့သည်။ ထိုလမ်း၌ ပေါက်ရောက်ပိတ်ဆို့နေကြကုန်သော (အ၀ိဇ္ဇာ၊ တဏှာ၊ ဒိဋ္ဌိ) တည်းဟူသော ချုံနွယ် တို့ကိုလည်း ရှင်းလင်းနိုင်ခဲ့သည်။ နိဗ္ဗာန်တံခါးပေါက်ကိုလည်း တီးခေါက်နိုင်ခဲ့ပါသည်။ နိဗ္ဗာန် တံခါးဝသို့ဖြောင့်ဖြောင့်ကြီး ၀င်ရောက်နိုင်ခဲ့သည်လည်း ရှိပါသည်။ ထိုကဲ့သို့သော အကျိုးကျေးဇူး များမှာ အဓိကအားဖြင့် မန္တလေးစာသင်နည်းနှင့် ပခုက္ကူစာသင်နည်း ဤနှစ်နည်းတို့ အချိုးကျကျ၊ ဟန်ချက်ညီညီ ပေါင်စပ်နိုင်ခဲ့ခြင်းကြောင့်ဖြစ်ပါသည်။ ယနေ့ ထိုနည်းနှစ်ခုတို့ တစ်ဖြည်းဖြည်း Fade out ဖြစ်လာနေသည်မှာ ၀မ်းနည်း စိုးရိမ်ဖွယ်ရာဖြစ်ပါသည်။ ဤအချက်ကို သိတော်မူ၊ မြင်တော်မူကြကုန်သော မဟာထေရ်ကြီးတို့သည် သာသနာ့တက္ကသိုလ်၊ ထေရ၀ါဒတက္ကသိုလ်၊ သံဃာ့တက္ကသိုလ်၊ ဗုဒ္ဓတက္ကသိုလ်ကြီးများကို တည်ထောင်တော်မူ ကြကုန်၏။ ထိုခေတ်မီ တက္ကသိုလ်ကြီးများ၏ ပါဠိ၊ ပိဋကတ်သင်ကြားရေးနည်းစနစ်သည် ပခုက္ကူ၊ မန္တလေး နည်းစနစ်ဟောင်းနှစ်ခုကို အခြေခံ၍ အုတ်မြစ်သဖွယ်ချထား၍ ထိုနည်းနှစ်ပါး၏ အနှစ်သာရပါဝင်သည့် နည်းသစ်တစ်ခုကို တည်ဆောက်ရန်ဖြစ်ပါသည်။



ထို့ကြောင့် -

(၁) မန္တလေးနည်းကို အခြေခံ၍ ပါဠိဘာသာ Pali Language ကို အမြန်ဆုံး တတ်မြောက်အောင် သင်ကြားနည်းစနစ်တစ်ခု ဖော်ထုတ်ရန်လိုပါသည်။

(၂) ပခုက္ကူနည်းစနစ်ကို အခြေခံ၍ ပိဋကတ်၏ အရင်းအမြစ်ကို ထိမိအောင်၊ အနှစ်သာရကို ခံစားနိုင်အောင် သင်ကြားပို့ချသည့် နည်းစနစ်တစ်ခုကို ဖော်ထုတ်ရန် လိုအပ်ပါသည်။



စာသင်သားတစ်ယောက်သည် ပါဠိ၊ ပိဋကတ်ကို အဘိဓာန်ကိုင်၍ ရဲရဲကြီးဖတ်နိုင်ဖို့၊ အဋ္ဌကထာ၊ ဋီကာကိုင်၍ ပါဠိတော်၏ အနှစ်သာရကို ထိထိမိမိခံစားနိုင်ဖို့ သင်ကြားပို့ချသည့် နည်းစနစ်များကို ဖော်ထုတ်ပေးရန်ဖြစ်ပါသည်။ မိမိသင်ကြားထားပြီးသော မြတ်ဗုဒ္ဓအဆုံးအမ၏ အနှစ်သာရကို အင်္ဂလိပ်ဘာသာဖြင့် ပြန်လည်ဟောကြား၊ ပြောကြား၊ သင်ကြားနိုင်အောင်လည်း စနစ်ရှိဖို့လိုပါသည်။ ထို့ကြောင့် ပါဠိစာပေကို -

(၁) Language အနေဖြင့် ပိဋကတ်ကို ဖတ်ရဲအောင် သင်ကြားပေးရမည်ဖြစ်သည်။

(၂) ပါဠိဘာသာဖြင့် ရှိနေသောဓမ်္မ၏အနှစ်သာရကို အရင်းအမြစ်အနှစ်ထိအောင် နှိုက် ထုတ်ခံစားနိုင်အောင် သင်ကြားပေးရမည် ဖြစ်သည်။

(၃) ထိုဓမ်္မ၏အနှစ်သာရကို ကမ်္ဘာသို့ ဖြန့်ချီဖို့ရန် ကမ်္ဘာသုံးဘာသာစကားကို (English) ကျွမ်းကျင်နိုင်နင်းစွာ တတ်မြောက်ဖို့လိုအပ်ပါသည်။

(၄) သင်ပြီးသော ဓမ္မကို ထေရ၀ါဒမူကျကျ ကျင့်သုံးသည့် နည်းစနစ်များကိုလည်း သင်ကြားပို့ချပေးနိုင်လျှင် နိဗ္ဗာန်လမ်းကြောင်းလည်း ဖြောင့်သွားမည်ဖြစ်သည်။



ထိုလမ်းကြောင်း ပေါ်၌ ပိတ်ဆို့နေသော ကိလေသာ မြစ်အပေါင်းတို့ကိုလည်း သုတ်သင်နိုင်မည်ဖြစ်သည်။ မိမိတို့ဆရာ မြတ်ဗုဒ္ဓကိုလည်း ဉာဏ်တွေ့ ပူဇော်ရမည်ဖြစ်သည်။ နိဗ္ဗာန်တံခါးပေါက်ကိုလည်း ကောင်းကောင်းကြီး ခေါက်နိုင်လိမ့်မည် ဖြစ်ပါသတည်း။

ဓမ္မော ဟိ ဣသီနံ ဓဇော။

သာသနာ့အောင်လံ လွှင့်ထူတော်မူနိုင်ကြပါစေ။



သီတဂူ အရှင်ဉာဏိဿရ

အဂ္ဂမဟာပဏ္ဍိတ (Ph.D., D.Litt.)

မန်းရွှေစက်တော်ဘုရား












ပထမ စေတီတော်

မန်းရွှေစက်တော်ဘုရားသည် မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ် တွင်တည်ရှိပါသည်။ မင်းဘူးမြို့နှင့် (၃၂) မိုင် ကွာဝေးပါသည်။ (၁၀၈)ကွက် စက်လက္ခဏာနှင့် ပြည်စုံသော မြတ်ဗုဒ္ဓ၏ ခြေတော်ရာ အစစ်ဖြစ်သောကြောင့် စက်တော်ရာ ဘုရားဟုခေါ်တွင်ပြီး၊ မန်းချောင်းအနီးတွင် တည်ရှိသဖြင့် မန်းစက်တော်ရာ ဘုရားဟုခေါ်ပါသည်။ တနည်းအားဖြင့် မန်းရွှေစက်တော်ရာ ဘုရား ဟုခေါ်ကြပါသည်။
မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း တပိုတွဲလဆန်း (၅)နေ့တွင် စတင်ဖွင့် လှစ်ပီး မြန်မာနှစ်ဆန်း (၁)ရက် ထိ ကျင်းပပါသည်။
ဗုဒ္ဓဘုရားရှင်သည် စန္နကူးနံ့သာ ကျောင်းတော်ရာ သို့ သီတင်းသုံးရန်ကြွချီလာပါသည်။ မင်းဘူး စက္ကိန်းတဲဘုရားနေရာတွင် ကျိန်းစက်တော်မူ ခဲ့သောကြောင့် ထိုနေရာတွင် စက္ကိန်းတဲစေတီကို တည်ထားကိုးကွယ်ကြပါသည်။ ဘုရားရှင် ကျိန်းစက်တော်မူခဲ့သော မြသား သလွန်တော်ကို မကွေးဘက်မှ ဘီလူးညီနောက် လာရောက် တောင်းပန်ယူဆောင်ပီး မြသလွန်ကို ဌာပနာ၍ မကွေး ဘက်ကမ်းတွင် မြသလွန်စေတီတော်ကို တည်ထား ကိုးကွယ်ပါသည်။ အပြန်လမ်းတွင် မုဆိုးနှင့် နဂါးတို့တောင်းပန်သောကြောင့် အထက်စက်တော်ရာ နှင့် အောက်စက်တော်ရာ ခြေတော်ရာများကို ချထားတော် မူခဲ့ပါသည်။
မန်းစက်တော်ရာ ခြေတော်ရာများသည် ဘုရားရှင်ကိုယ်တော်တိုင် ချထားသော ခြေတော်ရာများဖြစ်သဖြင့် သွားရောက်ဖူးမျှော်သင့် သလိုပျော်ရွှင်စရာ ကောင်းသော အညာဒေသ၏ စိမ့်စမ်းရေ မန်းချောင်းတွင် ရေချိုးရသော အရသာကိုလည်း ခံစားကြည့်သင့်ပါသည်။ ဘုရားလည်းဖူးရ၊ ပျော်ရွှင်စွာရေလည်းကစားရ ရေချိုးလည်းရ၊ ဘေးမဲ့တောတွင်လည်း လှည့်လည်ကြည့်ရှု့၍ သဘာဝတော အရသာကို ခံစားနိုင်မည်ဖြစ်ပါသည်။
ယခုအခါ မကွေးတံတား (ဧရာဝတီတံတား) ကိုတည်ဆောက်ပီး ဖြစ်သောကြောင့် သွားရေးလာရေး လွယ်ကူသွားပါသည်။ အရင်တုန်းကလို အချိန်ကိုတွက်၍ သွားလာစရာ မလိုတော့ပါ။ သွားချင်ပြန်ချင်သော အချိန်တွင် သွားလာလို့ရနေပါသည်။
မန်းရွှေစက်တော်ဘုရားပွဲတော်သည် ဆောင်းအကုန် နွေအကူးတွင် ဖွင့်လှစ်သောကြောင့် ရာသီဥတု သာယာပါသည်။ သို့ပေမယ့် အညာဒေသရဲ့ ဖုန်များကတော့ ပြေးလွှားဆော့ ကစားနေကြပါပီ။ မင်းဘူးကနေ ရွှေစက်တော်ကိုသွားသောလမ်းသည် တောလမ်းဖြစ်သောကြောင့် လမ်းတလျှောက်တွင် ဖုန်များ များပြားနေပါသည်။ ပွဲတော်သို့ရောက်လျင် လူများနှင့် ကားများမှာ ဖုန်များဖြင့် ပြည့်နေပါသည်။ အဲလိုဖုန်များ ပြည့်သလို ပူလည်း ပူအိုက်သောကြောင့် မန်းချောင်းထဲ ဆင်းပီး ရေချိုးရသော အရသာသည် မည်သည့် အရာနှင့် မလဲနိုင်အောင် ခံစားကြရမည်ဖြစ်ပါသည်။ ရေချိုး အနားယူပြီးလို့ ဘုရားဖူးဖို့ တောင်ပေါ်ကိုခြေလျင် တက်ကြရပါသည်။ တောင်ပေါ်တွင် ဘုရားဖူး ရှု့ခင်းကြည့်၊ သဘာဝ ဘေးမဲ့တောကို လေ့လာနိုင်ကြပါသည်။ တောင်ပေါ်က မောမောပန်းပန်းနှင့် ဆင်းလာပြီးလျင်လည်း မန်းချောင်းထဲဆင်း၍ ရေချိုးနိုင်ပါသည်။ ဘုရားပွဲလာသူများသည် ဘုရားလည်း ရေလည်းချိုးကြရပါသည်။ တနေ့ ရေ ၂ ကြိမ်လောက် ချိုးသူများပါသည်။ တချို့ဆိုလျင် အကြိမ်ရေတော်တော်များများ ရေချိုးကြပါသည်။ မြန်မာပြည်အလယ်ပိုင်း အညာဒေသရဲ့ အပန်းဖြေ ကမ်းခြေလေး တခုဖွယ်ဖြစ်ပါသည်။ မန်းချောင်းရေကလည်း ဘယ်လောက်ပဲ ချိုးချိုး အအေးမိတယ် ဖျားတယ် မရှိပါဘူး။ မန်းစက်တော်ရာ ပတ်ဝန်းကျင်ဒေသတွင် ဖူးမျှော်စရာ စေတီများ၊ သွားလာစရာ လေ့လာစရာ နေရာများလည်း ပေါများပါသည်။ ပွဲတော်ကွင်းပြင်ကလည်း ကျယ်သောကြောင့် လူများစည်ကားသောလည်း သွားရေးလာရေး အဆင်ပြေပါသည်။ ထို့ကြောင့် ဘုရားရှင်ကိုယ်တော်တိုင် ကြွရောက်တော်မူ ခဲ့သော နေရာဖြစ်သည့်အပြင် ဘုရားရှင်ကိုယ်တော်တိုင် ချထားတော်မူသော ခြေတော်ရာ အစစ်များရှိသောကြောင့် လာရောက်ဖူးမျှော် သင့်သလို အညာဒေသ၏ ဖုန်များ၊ ပူအိုက်သော ရာသီဥတုနှင့် အဆင်ပြေအောင် ပျော်ရွှင်စွာရေကစား ရေချိုးနိုင်သော မန်းချောင်း ရှိသောကြောင့် မန်းရွှေစက်တော် ဘုရားပွဲတော်ကို တခါ တခေါက်တော့ဖြင့် ဘုရားဖူးရင်း၊ ရေကစားရင်း လာရောက်ခဲ့ဖို့ ဖိတ်ခေါ်အပ်ပါသည်။



ခြေတော်ရာ



အောက်စက်တော်ရာ ညရှုခင်း

မေတ္တာ သာရဏီယတရား

ကာယကံမေတ္တာ

မေတ္တာနှင့်ယှဉ်၊ ပြုမူလျင်၊ အစဉ်အောက်မေ့ဖွယ်။
သူ့ဂုဏ်ကျေးဇူး၊ မမေ့ဘူး၊ အထူးအောက်မေ့တယ်။
အများချစ်ခင်၊ ရိုသေချင်၊ ခင်မင်လေးစားတယ်။
စိတ်ဝမ်းမကွဲ၊ တစ်သွေးထဲ၊ ညီလဲညီညွတ်တယ်။
ညီညွတ်သူဆောင်၊ ဆောင်တိုင်းအောင်၊ လူဘောင်ငြိမ်းချမ်းတယ်။

ဝစီကံမေတ္တာ

မေတ္တာနှင့်ယှဉ်၊ ပြောဆိုလျင်၊ အစဉ်အောက်မေ့ဖွယ်။
ချိုသာစကား၊ ကျိုးလိုလား၊ ကြားရချမ်းသာတယ်။
သူ့ဂုဏ်ကျေးဇူး၊ မမေ့ဘူး၊ အထူးအောက်မေ့တယ်။
အများချစ်ခင်၊ ရိုသေချင်၊ ခင်မင်လေးစားတယ်။
စိတ်ဝမ်းမကွဲ၊ တစ်သွေးထဲ၊ ညီလဲညီညွတ်တယ်။
ညီညွတ်သူဆောင်၊ ဆောင်တိုင်းအောင်၊ လူဘောင်ငြိမ်းချမ်းတယ်။

မနောကံမေတ္တာ

မေတ္တာနှင့်ယှဉ်၊ စိတ်ထားလျင်၊ အစဉ်အောက်မေ့ဖွယ်။
သူ့ဂုဏ်ကျေးဇူး၊ မမေ့ဘူး၊ အထူးအောက်မေ့တယ်။
အများချစ်ခင်၊ ရိုသေချင်၊ ခင်မင်လေးစားတယ်။
စိတ်ဝမ်းမကွဲ၊ တစ်သွေးထဲ၊ ညီလဲညီညွတ်တယ်။
ညီညွတ်သူဆောင်၊ ဆောင်တိုင်းအောင်၊ လူဘောင်ငြိမ်းချမ်းတယ်။
(ချမ်းမြေ့ဆရာတော်)

Friday, August 6, 2010

မချစ် မမုန်း၊ အကောင်းဆုံး ။

ချစ်သောသူတို့ နှင့်လည်းမပေါင်းလင့်၊မုန်းသောသူတို့ နှင့်လည်းမပေါင်းလင့် ။ချစ်သောသူတို့ ကိုမမြင်ရခြင်းသည် ဆင်းရဲ၏။ မုန်းသောသူတို့ ကိုမြင်ရခြင်းသည်လည်းဆင်းရဲ၏။ ထို့ ကြောင့် လူကိုဖြစ်စေ၊ပစ္စည်းဥစ္စာကိုဖြစ်စေ ချစ်ခင်စွဲလန်းခြင်းကို မပြုရာ ။ ချစ်ခင်စွဲလန်းဖွယ်တို့ နှင့် ကွေကွင်းရခြင်းသည်လည်း မကောင်းသည်သာတည်း။ချစ်ခြင်း မုန်းခြင်းမရှိသောသူတို့ အား အနှောင်အဖွဲ့ တို့ သည် မရှိကြကုန် ။
(ဓမ္မပဒ ၊ ဝိယပဂ် ၊ တယောဇန ပဗ္ဗဇိတ ဝတ္ထု )

ကန္နီနည်း သမထ ၀ိပဿနာ ရှုနည်းအကျဉ်းချုပ်

၁။ တရားမထိုင်မှီ ဘုရားကို ပန်းဆီမီး ကပ်လှူပါ၊

၂။ သီလဆောက်တည်ပါ၊

၃။ ဘုရားအစရှိသော သူတော်ကောင်းတို့အားလည်းကောင်း၊ ဆရာသမားတို့အားလည်းကောင်း အပြစ်ရှိသမျှ

တောင်းပန်ပါ။

တောင်းပန်ပုံ အစီအစဉ်

အရှင်ဘုရား ဘုရားတပည့်တော်တို့်သည် ဘုရားပစ္စေက ဗုဒ္ဓါ ရဟန္တာ အရိယာအပေါင်း သူတော်ကောင်းတို့၏ အပေါ်၌လည်းကောင်း၊ နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းကို သွန်သင်ပြသတတ်သော ဆရာသမားတို့၏ အပေါ်၌လည်းကောင်း၊ အစမထင် သံသရာတခွင်မှစ၍ ယနေ့အချိန်ကျအောင် ကာယကံ ၀စီကံ မနောကံ တို့ဖြင့် ပြစ်မှားမိသော အပြစ်များရှိပါက သည်းခံတော်မူကြပါဘုရား၊

အရှင်ဘုရား ဘုရားတပည့်တော်တို့သည် ဂင်္ဂါ ၀ါဠုသဲစု မက ပွင့်တော်မူကြကုန်ပြီးသော ဘုရားအဆူဆူ

တို့အားလည်းကောင်း၊ ဆရာသမားတို့အားလည်းကောင်း၊ တပည့်တော်၏ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို တရားထိုင်နေစဉ် တရားအားထုတ်တော်မူစဉ် ရက်လအတွင်း၌ အပ်နှံလှူဒါန်းပါ၏ဘုရား။

ငါ၏ကိုယ်စောင့်နတ်သည်လည်းကောင်း၊ငါ့အိမ်တွင်းရှိ သတ္တ၀ါအပေါင်းသည်လည်းကောင်း၊ (စင်္ကာပူမြို့ရှိ သတ္တ၀ါ အပေါင်းတို့အားလည်းကောင်း) မိဆိုင်ဖဆိုင် ဘိုးဘွားဆိုင် နယ်ဆိုင် နတ်အပေါင်း တို့သည် လည်းကောင်း၊ အရပ်လေးမျက်နှာစောင့်သော နတ်မင်းကြီးလေးပါးတို့သည်လည်းကောင်း၊ သာသနာတော် စောင့်နတ်၊ လာကစောင့်နတ်တို့သည်လည်းကောင်း၊ ငရဲသနင်း ယမမင်းသည်လည်းကောင်း၊ နတ်တို့သနငိးကြားမင်းသည်လည်းကောင်း၊ သုံးဆယ့်တစ်ဘုံ ကျင်လည်ကြကုန်သော သတ္တ၀ါအပေါင်းတို့သည် လည်းကောင်ျးန်းမာကြပါစေ၊ ချမ်းသာကြပါစေ၊ (တရားမထိုင်မီနှင့် တရားထိုင်ပြီးချိန်တိုင်း မေတ္တာပို့ပါ အမျှဝေပါ)
အရဟံပွားပုံအစီစဉ်

ကိုယ်အာရုံပြုနေကျဘုရားသည် သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်တို့နှင့် ပြည့်စုံတော်မူသောကြောင့်

လူနတ်ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံတော်မူထိုက်သော တကယ့်သက်တော်ထင်ရှား မြတ်စွားဘုရားဟု အာရုံပြုကာ အရဟံ အရဟံ ဟု အကြိမ်ကြိမ်ပွားပါ၊

မေတ္တာပွားပုံ

ကိုယ့်ရှေ့ တည့်တည့်၌ စကောဝိုင်း(ဆန်ကောဝိုင်း)ကဲ့သို့ စိတ်ထဲကပြုလုပ်ပြီး သုံးဆယ့်တစ်ဘုံ သတ္တ၀ါတွေကို အဲဒီထဲထည့်ပါ၊ ကိုယ့်ကိုယ်ကို အရင်ဦးဆုံး မေတ္တာပို့ပြီး စကောဝိုင်း(ဆန်ကောဝိုင်း)ထဲက သတ္တ၀ါတွေကို မေတ္တာပို့ပါ၊

!! ငါသည် ဘေးရန်ကင်းရပါလို၏ ။

ချမ်းသာရပါလို၏ ။

ငါသည်ဘေးရန်ကင်းကွာ ချမ်းသာသကဲ့သို့ အသက်နှင့် ခန္ဓာကိုယ်ထင်ရှားရှိသမျှ သတ္တ၀ါတွေ ဘေးရန်ကင်းကြပါစေ၊

ချမ်းသာကြပါစေ။

သေခြင်းတရားပွားပုံ( မရဏာနုဿတိ)

ခပ်သိမ်းသောသတ္တ၀ါတို့သည် တဖွဲဖွဲသေနေကြသလို ငါလဲပဲ သေရအုံးမှာပါတကား၊

သေရချည်သေး သေရချည်သေး …………..။

အာနာပါန

သတိမြဲရာ ပထမာ

လေထိရာ နှာသီးဖျားမှာ မိမိ၏စိတ်ကိုထား၍ မဂ္ဂင်ရှစ်ပါးကို ရည်ရွယ်ပြီး ၀င်သည်(၀င်လေ) တစ်မှ ရှစ်အထိ ရေတွက်ပါ၊

ဝင်သည် တစ်

ဝင်သည် နှစ်

ဝင်သည် သုံး

ဝင်သည် လေး

ဝင်သည် ငါး

ဝင်သည် ခြောက်

ဝင်သည် ခုနစ်

ဝင်သည် ရှစ်
စိတ်ဘယ်မှ မထွက်မှ လက်တစ်ချောင်းချိုးပါ၊ မှတ်နေရင်းနှင့် စိတ်အပြင်ထွက်သွားလျှင် လည်းကောင်း ။ ၀င်သည်

တစ်မှ ရှစ်အထိကျော်လွန်သွားလျှင် လည်းကောင်း၊ လောလောဆယ် ရေတွက်နေတာကို ပယ်ရမည်၊

လက်ဆယ်ချောင်းပြည့်က ညာဖက်လက်ကောက်ဝတ်သို့ စိတ်နှင့်မှန်းပို့ပါ။

နောက်တစ်ခါဆယ်ခုပြည့်လျှင် တံတောင်ဆစ်၊

နောက်တစ်ခါဆယ်ခုပြည့်လျှင် ပခုံး

နောက်တစ်ခါဆယ်ခုပြည့်လျှင် နားရွက်

နောက်တစ်ခါဆယ်ခုပြည့်လျှင် ချိုစောင်း သို့ပို့ပါ။ . . . . . . . . ဘယ်ဖက်လည်း နည်းတူပို့ရမည်။

ဒုတိယနည်း

တရားထိုင်နိမိတ်ရလျှင် ရှည်ရှည်ရှုမည်ဆိုပြီး မိမိရဲ့စိတ်ကို ဘုရားဆီပို့ပါ၊ နိမိတ်ကို မကြည့်ပါနှင့်၊ ဘုရားကိုကြည့်ပါ၊

မိမိစိတ်ကြည်လျှင် မြင်ကွင်းဘုရားက ကြည်တာပါပဲ၊ ဘုရားမဖူးမှီ ဘုရားစောင့်နတ်တွေ ကျန်းမာပါစေ၊ ချမ်းသာပါစေ လို့

မေတ္တာပို့ပါ၊ ဘာမှအနှောင့်အယှက် မပေးပါဘူး၊ ဘုရားဖူးသက်သက်ပါ မေတ္တာပို့ ခွင့်တောင်းပါ၊ ဘုရားဖူးပြီးလျှင်

အမျှဝေပါ၊

တတိယနည်း

နိမိတ်ကို ရှည်ရှည်ရှုမည်ဆိုပြီး ခေါင်းပေါ်တင်ပါ၊ လက်နှစ်လုံးချင်း ပိုက်စိပ်တိုက်ဖြတ်ပါ။ တစ်ကိုယ်လုံးကို ဖြူသွားအောင် နိမိတ်နှင့်ဖြတ်ပါ၊ နိမိတ်နှင့် ရောဂါရှိတဲ့ နေရာကို အကြိမ်ကြိမ် မွှေပါ၊ ရောဂါပျောက်မည်။

စတုတ္ထနည်း

ငြိမ်းစေမည် ငြိမ်းစေမည်ဟု ပို့လိုက် ယူလိုက်လုပ်ပါ၊

ဝိပဿနာ

မိမိရဲ့စိတ်ကို ရင်ဝ၌ထားပြီး ရုပ်..ရုပ်..ဟု မှတ်ပါ၊ ခန္ဓာကိုယ် အောက်ပိုင်းက ပြတ်ကြသွားလျှင် အလယ်ပိုင်းကိုလည်း ဆက်ကြည့်၊ အထက်ပိုင်းကိုလည်းကြည့်ပါ၊ တကိုယ်လုံးဖြန့်ကြည့်ပါ၊ ဘာမှမတွေ့မှ ရင်ချိုင့်ကိုပြန်လာပြီး ရုပ် ရုပ်ဟု မှတ်ပါ၊

ခန္ဓာဖြစ်ပျက် မထင်ရှားလျှင် အာနာပါနကို နိမိတ်ရအောင် မှတ်ပြီးမှ ၀ိပဿနာကို သိသည် သိသည် ဟု မှတ်ပါ၊ မှတ်နေရင်းနဲ့ ခန္ဓာကိုယ်ထဲက အဆုပ်၊ အသည်း၊ နှလုံး၊ အစာအိမ် စသည်ဖြင့် တကိုယ်လုံးကို ဖြန့်ကြည့်ပါ၊ ခန္ဓာဖြစ်ပျက်ကို မြင်အောင်ကြည့်ပါ၊

အ၀ိဇ္ဇာ တဏှာ ကံ ဥပါဒါန် ကံ အာဟာရ အတိတ်အကြောင်း တရားငါးပါး ပြုပြင်သည် ပြုပြင်သည်ဟု ပွားများပါ၊
အတိတ်ဘ၀ နွားတွေ့ခဲ့လျှင်…နွားမဖြစ်ခင်က ဘယ်ဘ၀တွေဖြစ်ခဲ့လဲဆိုတာကို စိတ်ညွတ်ကြည့်ပါ၊ မြင်ရသိရပါလိမ့်မည်။ တစ်ခုပြီးတစ်ခု စိတ်ညွတ်ကြည့်ပါ၊ အတိတ်အကြောင်းတရားငါးပါးပြုပြင်၍ တရိပ်ရိပ် တဖွဲဖွဲ တသဲသဲဖြင့် သူ့အလိုလိုဖြစ်ပျက်၍နေသော ရုပ်နာမ်တို့သည် အမြဲမရှိ အနိစ္စ အနိစ္စ ဟု ရှုမှတ်ပွားများပါ၊

ဒီလိပွုားများရင်းနဲ့ ခန္ဓာကိုယ်ကြီး အရိုးစုဖြစ်သွားတော့ မမြဲတဲ့ အနိစ္စသဘော၊ ဖြစ်လိုက် ပျက်လိုက်ဖြစ်နေတဲ့ ဒုက္ခသဘော၊ ငါ့အလိုသို့မလိုက် အရိုးစုဖြစ်ပြီး ပျက်သွားတဲ့ အနတ္တသဘော..ဆိုတာကို မိမိဥာဏ်နှင့် ကိုယ်တွေ့သိမြင်ရပါလိမ့်မည်။

ဒီလိုရှုမှတ်ပွားများရင်းနဲ့ နိဗ္ဗာန်တံခါးကို အနိစ္စ ဒုက္ခ အနတ္တ သော့သုံးချောင်းဖြင့်ဖွင့်ပါက ဖြစ်ပျက်မုန်း ဖြစ်ပျက်သုံးတဲ့ နိဗ္ဗာန်ကို ရရှိပါလိမ့်မယ်။

ဓမ္မရေးရာဘလော့များ


Please enjoy reading on some good Dhamma blogs.

*http://www.mettashin.com/* (အရှင်ဇ၀န မေတ္တာရှင်(ရွှေပြည်သာ)***

**http://thitsartayar.dhammathukha.com/* (ဤဆိုဒ်သည်
ဓမ္မသုခဆိုဒ်မှ အခွဲတစ်ခုဖြစ်ပြီး
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဆုံးမဩဝါဒကို နှလုံးမူ
သတိမူပြီးတော့...)

*http://dhammayate.22web.net/* (နှလုံးသွင်းမမှန်ပဲ တရားအားထုတ်ခြင်းသည်
အချိန်ကုန် လူပင်ပန်ပြီး တရားရလိမ့်မည် မဟုတ်ချေ။ ..... )
*
**http://www.minwai85.blogspot.com/* (စစ်ကိုင်းတိုင်း ၊ဘုတလင်မြို့နယ်၊
ရွာမွန်ရွာသုသာန်ကျောင်းတွင်သီတင်းသုံးသော ဆရာတော်ဘုရားကြီးဦးဝိစာရ
သက်တော်(၈၄)နှစ် ၏ ဈာပနအခမ်းအနား နှင့် ဓါတ်တော်များမှတ်တမ်း) *
http://www.dhammaratha.com/* (ကျနော် ဘလော့ ကိုရောက်လာသော ဓမ္မမိတ်ဆွေများက
........ ) *http://sonesiyar.blogspot.com/* (အဖြူရောင် မေတ္တာ) ကျွန်တော့်
ဘလော့ လေးအား ကျွန်တော် ချစ်ပါသည်။ တန်ဖိုး ထားပါသည်။ ထိုသို့ တန်ဖိုးထား
.......

*http://thukhayate.blogspot.com/* (ဖွားဖွားက စိတ်ရှည်လက်ရှည်နဲ့
ဇာတ်ကြောင်းလေးကို ပြောပြရှာပါတယ်။ ပြည့်ပြည့်၀၀ သာနေတဲ့ ........ )

*http://burmarmaung.blogspot.com/* (သိကြားမင်းသောတာပန်တည်တာ (၂၅)ရက်နှင့်
နေ့တစ်ဝက်ပဲရှိပါသေးတယ်။ ဒါကြောင့် ....... )

*http://ywetwar.blogspot.com/* (ကျောင်းသားတစ်ယောက်ပါ။ စိတ်ထဲ တွေးမိတာတွေ
ရေးချင်လို့ ဒီဘလော့(ဂ်)ကိုလုပ်ဖြစ်တာပါ။... ..ကိုရွက်ဝါ။ )

*http://tavoy-sayarlay.blogspot.com/* (ပြဿနာရဲ့ အဖြေမှန်ဟာ အလင်းအားနဲ့
အတူတူပါဘဲ ၊အလင်းအားကောင်းလေလေ....... ရွှေကြာ)

*http://alinnyaung.blogspot.com/* ( မိတ်ဆွေ များအားလုံးလဲ လူဘ၀ရဲ
့များပြားလှတဲ့ ဒုက္ခသစ္စာ တရားကို သိမြင်နားလည်ပြီး...... မောင်ဇော်မင်းအောင်)

*http://myattayar.blogspot.com/* (လောက အလယ်ကို ခုမှပဲ စတင်လို့
ရောက်ရှိလာတယ်၊ ရောက်ရှိလာပုံက အငိုလေးနဲ့ စလို့.. ...)

*http://myatbuddha.blogspot.com/* (လှူတာဟာ လှူတတ်ဖို့ လိုပါတယ်။
လှူတတ်ဖို့ဆိုတာက .......ရေနံ့သာမောင်ဘဲ)

*http://htunhlaing.blogspot.com/* (နိဗ္ဗာန်ကို တစ်ခါမြင်ဘူးထားသည့်
သောတာပန်ပုဂ္ဂိုလ်ကြီးကိုပင် နောက်တပ်(၆)ကြိမ်တိုင်တိုင် သတ်ဦးမည်ဟု
ကြိမ်းမောင်းကာ....)

*http://manatphyan77.blogspot.com/* (မနက်အိပ်ယာထသည်နှင့်
နေ့ရက်တစ်ခုပေါ်လာတိုင်း ...... အရှင်နာယကာလင်္ကာရ

)

*http://www.upasaka969.blogspot.com/* (ရှင်တော်ဗုဒ္ဓက
..“ငါသည်အလုံစုံသောသူတို့၏ ကလျာဏမိတ္တ” ဟု......)

*http://yawcommunity.blogspot.com/* (အိုခြင်း သေခြင်းတရားတွေက
လူတို့ရဲ့အသက်ကို အမြဲမောင်းနှင်နေ...... )

*http://cittasukhamm-kr.blogspot.com/* (ဂယောင်ဆန်ရှိ
ရှမ်းတိုင်းရင်းသားများနှင့် ကယားတိုင်းရင်းသား ညီအစ်ကိုများ )

*http://nyeinayetun.blogspot.com/* ( သစ္စာဟူသော စကားသည် ပါဠိမှဆင်းသက်လာသော
ပါဠိသက်ဝေါဟာရ.......ငြိမ်းအေးထွန်း)
*
http://dhammafocus.myanmarbloggers.org/ *(ဗုဒ္ဓဘာသာဝင်များအကြား
ကံနှင့်ပတ်သက်ပြီး ပြောဆိုနေကြသည်ကို .....ကိုပြည်ဇော်)
*
http://buddhismabc.blogspot.com/* (သင့်အခန်းမှ ပတ်ဝန်းကျင်လောကအား
ကြည်ကြည်လင်လင် မြင်ရလိုလျင် သင်၏ အခန်းပြတင်းမှန်ကို အရင် ဖုန်သုတ်ပါ...)

*http://lknt8.blogspot.com/* (အနတ္တလက္ခဏသုတ်, ........)

*http://innocentarea.blogspot.com/* (အရိယာဝိဇ္ဇာနဲ့၊ အခြားသော
ဝိဇ္ဇာလှိုင်းများကို ရောထွေးမသွားစေရန် ........ လေလွှင့်သူ .)
*
http://ahlataya.blogspot.com/* (ဤ၀ိပဿနာသည် သာမန်ပုဂ္ဂိုလ်တို့ သွားနိုင်သော
လမ်းခရီးမဟုတ်ပေ။ ................)
*
http://aung-myay.blogspot.com/* (ဤလောက၌ အချို့သော သူတို့သည် မိမိရရှိ
ထားပြီးဖြစ်သော...........)

*http://thitsaralin.blogspot.com/*(မေတ္တာဆိုတာကိုယ့်အတွက်လုံးလုံးမျှော်လင့်ချက်မထားဘူး.......အဲဒီကြီးမားတဲ့မေတ္တာနဲ့ပဲ...........)

*http://www.burmaborn.com/* (အမျိုးသမီးတွေဟာ သာသနာကို ရေရှည်တည်တံ့အောင်
လုပ်တဲ့နေရာမှာ သူတို့လည်း အရေးကြီးဆုံးနေရာက ပါဝင်နေပါတယ်။... )

*http://soethuhein.iblogger.org/* ( ဘုရားနှင့် ကိုယ်တိုင်မတွေ့လိုက်ကြရ၍ဘာ
ဝမ်းနည်းစရာရှိသလဲ ၊ ယခုအခါ ဓမ္မက္ခန္ဓာ ဘုရားတွေအများကြီး ရှိသေး၏......)

*http://phonephonevi.blogspot.com/* (ဘာမှမကုန်စေဘဲ ကုသိုလ်ရစေ၊
ကုသိုလ်ဖြစ်စေမယ့် နည်းလမ်းလေးများကို ............)

*http://www.kathitwinemyanmar.blogspot.com/ (*မူလကသစ်ဝိုင် ဆရာတော်ကြီး ၏
ထေရုပ္ပတ္တိအကျဉ်း)
*
http://www.dhammametta.co.cc/* (လူလေးမျိုးတဲ့.. ။ လူ.. လူချင်း..
တူတာတောင်မှ............. မောင်ကောင်း)

*http://www.barwanarbala.co.cc/ **(ဘာဝနာဗလ ဖိုရမ်*)


နီးစပ်ရာလေးတွေပါ မျှဝေပေးပါဦး
*အလှူတကာအလှူတွင်တရားအလှူသည်အမြတ်ဆုံးဖြစ်၏ *
ဤ Websites လေးများဖြန့်ဝေပေးချင်းဖြင့် တရားအလှူပြုလုပ်ပေးနိုင်ပါသည်။