Saturday, October 23, 2010

ခေတ်မှီပါဠိသင်ကြားနည်းစနစ်

ပါဠိဟူသောပုဒ်သည် စောင့်ရှောက်ခြင်းအနက်၊ ထိန်းသိမ်းခြင်းအနက်၊ စီတန်းခြင်းအနက်၊ သီကုံးခြင်းအနက်၊ ကန်သင်း ကန်ဘောင်ဆည်ခြင်းအနက်တို့ကို ဟောသည်။ ထိုပါဠိအမည်ရသည့် ဘာသာစကားကို မဂဓတိုင်းသားတို့က မိခင်စကား၊ ဖခင်စကားအဖြစ် ပြောဆိုကြသည်၊ ရေးသားကြသည်၊ သုံးစွဲကြသည်။ မဂဓတိုင်းသည် ထူးခြားမွန်မြတ်သည့် တိုင်းတစ်ခုဖြစ်သည်။ ဘုရားအဆူဆူတို့သည် မဂဓတိုင်း၌ ပွင့်တော်မူကြကုန်၏။ မဂဓတိုင်းသားတို့၏ ဘာသာစကားနှင့် စာပေသည် ဇမ္ဗူဒီပဟူသော အိန်္ဒိယပြည်ကြီး၌ လွှမ်းမိုးကျယ်ပြန့်လျှက် ရှိခဲ့သည်။ လူအများပြောဆို သုံးစွဲသည့် ဘာသာစကား၊ ကလေးများပင်လျှင် နားလည်လွယ်သော၊ တောသားတောင်သူတို့ပင် နားလည်လွယ်သော အများသုံးဘာသာစကား၊ Common Language ဖြစ်သည်။

သိဒ္ဓတ္ထဂေါတမဗုဒ္ဓသည် သက္ကတိုင်းသားပင် ဖြစ်ငြားသော်လည်း သက္ကဘာသာစကားကိုသုံးစွဲ၍ သူ၏ဓမ္မတို့ကို မဟောကြားခဲ့၊ လူအများတို့၏ အကျိုးစီးပွားအလို့ငှာ ပွင့်တော်မူလာသော မြတ်ဗုဒ္ဓသည် သူ၏ဓမ်္မကို လူအများတို့ သိနားလည်စေချင်သောကြောင့် အများသုံးဘာသာ စကားကို သုံးစွဲ၍ သူ၏ဓမ္မတို့ကို ဟောပြောဖြန့်ချိတော်မူခဲ့သည်။ ယနေ့ခေတ်တွင် ဗုဒ္ဓဓမ္မတို့ကို ကမ္ဘာသို့ပြန့်ပွား စေရန် ကမ္ဘာသုံးဘာသာစကားဖြစ်သည့် အင်္ဂလိပ်ဘာသာဖြင့် ဖြန့်ချိရသကဲ့သို့ပင် ဖြစ်သည်။ အင်္ဂလိပ်ဘာသာ၏ ပေါက်ဖွားရာ၊ မြစ်ဖျားခံရာ ဘာသာသည် လက်တင်ဘာသာဖြစ်ငြား သော်လည်း လက်တင်ဘာသာစကားကို ယနေ့ပြောဆိုသုံးစွဲနေမည်ဆိုလျှင် လူတန်းစားအားလုံး နားလည်ဖို့ရန်မဖြစ်နိုင်ပေ။ ထိုနည်းတူစွာပင် မြတ်ဗုဒ္ဓသည် သူကိုယ်တိုင် ပြောဆိုသုံးစွဲခဲ့သော မဂဓဘာသာဖြင့်သာလျှင် သူ၏ဓမ္မတို့ကို ထိန်းသိမ်းရန်, စောင့်ရှောက်ရန်, စနစ်တကျ စုစည်း သီကုံးထားရန် သုတ်၊ ၀ိနည်း၊ အဘိဓမ္မာ၊ သို့မဟုတ် ဒီဃ၊ မစ္ဇျိမ၊ ခုဒ္ဒက စသည်အားဖြင့် ကန်သင်း ကန်ဘောင်ခတ်၍ စနစ်တကျ ထိန်းသိမ်းရန် လမ်းညွှန်မှာကြားဆုံးမတော်မူခဲ့ပါသည်။ လက်တင်ဘာသာကဲ့သို့ ပညာတတ် လူနည်းစုတို့သာ သိရှိနားလည်နိုင်သော သက္ကတဘာသာဖြင့် သူ၏ဓမ္မကို ထိန်းသိမ်းရန်ကိုကား တားမြစ်ပိတ်ပင်တော်မူခဲ့လေသည်။ ထို့ကြောင့်ပင် ရှေးမူနှင့် အစဉ်အလာကို မြတ်နိုးတော်မူကြကုန်သော မြတ်ဗုဒ္ဓ၏ အဆုံးအမ (ဓမ္မ၀ိနယ)ကို ဗုဒ္ဓ လက်ထက်တော်က မူအတိုင်း ရှေးမူမပြတ် ထိန်းသိမ်းစောင့်ရှောက်တော်မူလိုကြကုန်သော ထေရ၀ါဒီ သံဃာတို့သည် ဗုဒ္ဓပါဝစနတို့ကို နှစ်ပေါင်း ၂၅၀၀ ကျော် ခရီးတစ်လျှောက် ပါဠိဘာသာ၊ မဂဓ ဘာသာဖြင့်သာလျှင် ထိန်းသိမ်းစောင့်ရှောက်တော်မူခဲ့ကြကုန်၏။ သို့ဖြစ်ခြင်းကြောင့် ပါဠိဘာသာ ကို Buddhist Language ဗုဒ္ဓဘာသာဟု ခေါ်ဆိုနိုင်ပေသည်။



မြတ်ဓမ္မ၏ သဘောတရားကို အရင်းအမြစ် အနှစ်ထိအောင် နားလည်တတ်မြောက်လိုလျှင် ပါဠိ၊ မဂဓဘာသာကို အရင်းအမြစ် အနှစ်ထိအောင် သင်ရမည်သာဖြစ်သည်။ အရင်းအမြစ်အနှစ်ထိအောင် မသင်ကြားနိုင်လျှင်၊ မတတ်မြောက်လျှင် ဓမ္မရသ၊ ၀ိမုတိ္တရသတို့ကို အပြည့်အ၀ ခံစားနိုင်ကြမည်မဟုတ်ပေ။ သာသနာနှစ် ၅၅၀ ခန့်က သဗ္ဗတ်္ထိဝါဒီဂိုဏ်းသားတို့ ပါဠိဘာသာကို သက္ကတဗုဒ္ဓဘာသာသို့ ပြန်ဆိုခဲ့ကြသည်။ ထိုဂိုဏ်းသားတို့၏ သက္ကတဘာသာသည် မြောက်ပိုင်းမဟာယာနဂိုဏ်းသားတို့၏ ဗုဒ္ဓ၀ါဒ ရေသောက်မြစ်ဖြစ်လေသည်။ ပါဠိမှ သက္ကတ၊ သက္ကတမှ တရုတ်ဘာသာသို့ အဆင့်ဆင့် ဘာသာပြန်ပြီးမှ ဗုဒ္ဓဓမ္မကို ရရှိကြကုန်သော တရုတ်၊ ကိုရီးယား၊ ဂျပန် ဗုဒ္ဓဘာသာဝင်တို့သည် ယနေ့ခေတ်၌ ထေရ ၀ါဒ ဗုဒ္ဓဘာသာဘက်ကို ဦးလှည့်လာနေကြသည်မှာ ကျူတောထဲကလူတွေ ကျွန်းတောဘက်သို့ ရွှေ့ပြောင်းနေကြသည်နှင့်တူ၏။



ထို့ကြောင့် ယနေ့ ကျွန်ုပ်တို့ ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် မြတ်ဓမ္မ၏ အရင်းအမြစ် အနှစ်တို့ကို ထိထိရောက်ရောက် မိမိပေါက်ပေါက် တတ်ကျွမ်းနားလည်ဖို့ရန် ပါဠိတက္ကသိုလ်ကျောင်း တိုက်ကြီးများကို တည်ဆောက်သင်ကြား ပို့ချနေကြခြင်းဖြစ်သည်။ ထို့ကြောင့် ထေရ၀ါဒတို့၏ မူစနစ်ကား ကျွန်းတောမှ ကျွန်းတောသို့ ဖြစ်၏။ ကျွန်းတောမှ ကျူတောသို့ ဘယ်တော့မှမပြောင်း။ ပြည်ထောင်စု မြန်မာနိုင်ငံတော်သို့ ဗုဒ္ဓသာသနာရောက်ခဲ့သည်မှာ ပါဠိဘာသာဖြင့် ရောက်ရှိလာ ခဲ့ခြင်းဖြစ်၏။ မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ ဗုဒ္ဓသာသနာပြန့်ပွားသွားခြင်းမှာလည်း ပါဠိဘာသာဖြင့် သာလျှင် ပြန့်ပွားသွားခြင်းဖြစ်၏။ ထေရ၀ါဒီတို့၏ သင်္ဂါယနာ (၆)တန်သည် ပါဠိဗုဒ္ဓဘာသာကို (၆) ကြိမ်တိုင်တိုင် အတည်ပြု (ထပ်မံအတည်ပြု) Reconfirm သို့မဟုတ် Recommend ပြုလုပ်တော် မူကြခြင်းဖြစ်သည်။ ယနေ့ ကမ္ဘာ့ဗုဒ္ဓဘာသာနယ်မြေ၌ မြန်မာ့ထေရ၀ါဒ ဗုဒ္ဓဘာသာ ရှေ့တန်းနေရာ မှာ ရောက်ရှိနေခြင်းသည် မြန်မာ့ထေရ၀ါဒ ပါဠိစာပေ သင်ကြားရေးစနစ်၏ ထိရောက်မှုကြောင့်ပင် ဖြစ်သည်။ သီဟိုဠ်၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံတို့၌ အဘိဓမ္မာ သင်ကြားနည်းစနစ် ပျောက်ကွယ်ခဲ့ပြီးဖြစ်သည်။ ၀ိနည်း(၅)ကျမ်း ပေါက်ရောက်အောင် သင်ကြားသည့်စနစ်လည်း မရှိတော့ပါ။ ၀ိနည်း၌ ပါတိမောက္ခ၊ အဘိဓမ္မာ၌ အဘိဓမ္မတ္ထသင်္ဂဟ၊ သုတ္တန်၌ သုတ္တသင်္ဂဟမျှလောက်သာ သင်ကြားသည့် စနစ်သို့ ရောက်နေကြပြီဖြစ်ရာ နိဗ္ဗာန်မြို့တော်ကြီး၏ တံခါးဝဆီသို့ ကွေ့ကောက်ရှည်လျားစွာ ဖောက်ထားသောလမ်းပေါ်၌ (အ၀ိဇ္ဇာ၊ တဏှာ၊ ဒိဋ္ဌိ) ချုံမြက်ပေါင်းတို့ ထူထပ်စွာပေါက်ရောက် နေရာဝယ်၊ အပေါ်ယံချုံနွယ်ကလေးများကို အသာနှင်၍ နိဗ္ဗာန်တံခါးဝကို လမ်းထိပ်မှ၊ ခပ်လှမ်းလှမ်းမှ လှမ်းမျှော်၍ လမ်းလွဲသွားကြကုန်သော သံသရာခရီးသည်များ ဖြစ်ကြလေကုန်ပြီဟုဆိုလျှင် မှားအံ့မထင်။



သို့သော် မြန်မာ့ထေရ၀ါဒီ သံဃာတော်တို့၏ စာပေသင်ကြားသည့်နည်းစနစ်မှာ နိဗ္ဗာန်တံခါးဝဆီသို့သွားသော လမ်းကောက်ကိုလည်း ကောင်းကောင်းကြီး ဖြောင့်နိုင်ခဲ့သည်။ ထိုလမ်း၌ ပေါက်ရောက်ပိတ်ဆို့နေကြကုန်သော (အ၀ိဇ္ဇာ၊ တဏှာ၊ ဒိဋ္ဌိ) တည်းဟူသော ချုံနွယ် တို့ကိုလည်း ရှင်းလင်းနိုင်ခဲ့သည်။ နိဗ္ဗာန်တံခါးပေါက်ကိုလည်း တီးခေါက်နိုင်ခဲ့ပါသည်။ နိဗ္ဗာန် တံခါးဝသို့ဖြောင့်ဖြောင့်ကြီး ၀င်ရောက်နိုင်ခဲ့သည်လည်း ရှိပါသည်။ ထိုကဲ့သို့သော အကျိုးကျေးဇူး များမှာ အဓိကအားဖြင့် မန္တလေးစာသင်နည်းနှင့် ပခုက္ကူစာသင်နည်း ဤနှစ်နည်းတို့ အချိုးကျကျ၊ ဟန်ချက်ညီညီ ပေါင်စပ်နိုင်ခဲ့ခြင်းကြောင့်ဖြစ်ပါသည်။ ယနေ့ ထိုနည်းနှစ်ခုတို့ တစ်ဖြည်းဖြည်း Fade out ဖြစ်လာနေသည်မှာ ၀မ်းနည်း စိုးရိမ်ဖွယ်ရာဖြစ်ပါသည်။ ဤအချက်ကို သိတော်မူ၊ မြင်တော်မူကြကုန်သော မဟာထေရ်ကြီးတို့သည် သာသနာ့တက္ကသိုလ်၊ ထေရ၀ါဒတက္ကသိုလ်၊ သံဃာ့တက္ကသိုလ်၊ ဗုဒ္ဓတက္ကသိုလ်ကြီးများကို တည်ထောင်တော်မူ ကြကုန်၏။ ထိုခေတ်မီ တက္ကသိုလ်ကြီးများ၏ ပါဠိ၊ ပိဋကတ်သင်ကြားရေးနည်းစနစ်သည် ပခုက္ကူ၊ မန္တလေး နည်းစနစ်ဟောင်းနှစ်ခုကို အခြေခံ၍ အုတ်မြစ်သဖွယ်ချထား၍ ထိုနည်းနှစ်ပါး၏ အနှစ်သာရပါဝင်သည့် နည်းသစ်တစ်ခုကို တည်ဆောက်ရန်ဖြစ်ပါသည်။



ထို့ကြောင့် -

(၁) မန္တလေးနည်းကို အခြေခံ၍ ပါဠိဘာသာ Pali Language ကို အမြန်ဆုံး တတ်မြောက်အောင် သင်ကြားနည်းစနစ်တစ်ခု ဖော်ထုတ်ရန်လိုပါသည်။

(၂) ပခုက္ကူနည်းစနစ်ကို အခြေခံ၍ ပိဋကတ်၏ အရင်းအမြစ်ကို ထိမိအောင်၊ အနှစ်သာရကို ခံစားနိုင်အောင် သင်ကြားပို့ချသည့် နည်းစနစ်တစ်ခုကို ဖော်ထုတ်ရန် လိုအပ်ပါသည်။



စာသင်သားတစ်ယောက်သည် ပါဠိ၊ ပိဋကတ်ကို အဘိဓာန်ကိုင်၍ ရဲရဲကြီးဖတ်နိုင်ဖို့၊ အဋ္ဌကထာ၊ ဋီကာကိုင်၍ ပါဠိတော်၏ အနှစ်သာရကို ထိထိမိမိခံစားနိုင်ဖို့ သင်ကြားပို့ချသည့် နည်းစနစ်များကို ဖော်ထုတ်ပေးရန်ဖြစ်ပါသည်။ မိမိသင်ကြားထားပြီးသော မြတ်ဗုဒ္ဓအဆုံးအမ၏ အနှစ်သာရကို အင်္ဂလိပ်ဘာသာဖြင့် ပြန်လည်ဟောကြား၊ ပြောကြား၊ သင်ကြားနိုင်အောင်လည်း စနစ်ရှိဖို့လိုပါသည်။ ထို့ကြောင့် ပါဠိစာပေကို -

(၁) Language အနေဖြင့် ပိဋကတ်ကို ဖတ်ရဲအောင် သင်ကြားပေးရမည်ဖြစ်သည်။

(၂) ပါဠိဘာသာဖြင့် ရှိနေသောဓမ်္မ၏အနှစ်သာရကို အရင်းအမြစ်အနှစ်ထိအောင် နှိုက် ထုတ်ခံစားနိုင်အောင် သင်ကြားပေးရမည် ဖြစ်သည်။

(၃) ထိုဓမ်္မ၏အနှစ်သာရကို ကမ်္ဘာသို့ ဖြန့်ချီဖို့ရန် ကမ်္ဘာသုံးဘာသာစကားကို (English) ကျွမ်းကျင်နိုင်နင်းစွာ တတ်မြောက်ဖို့လိုအပ်ပါသည်။

(၄) သင်ပြီးသော ဓမ္မကို ထေရ၀ါဒမူကျကျ ကျင့်သုံးသည့် နည်းစနစ်များကိုလည်း သင်ကြားပို့ချပေးနိုင်လျှင် နိဗ္ဗာန်လမ်းကြောင်းလည်း ဖြောင့်သွားမည်ဖြစ်သည်။



ထိုလမ်းကြောင်း ပေါ်၌ ပိတ်ဆို့နေသော ကိလေသာ မြစ်အပေါင်းတို့ကိုလည်း သုတ်သင်နိုင်မည်ဖြစ်သည်။ မိမိတို့ဆရာ မြတ်ဗုဒ္ဓကိုလည်း ဉာဏ်တွေ့ ပူဇော်ရမည်ဖြစ်သည်။ နိဗ္ဗာန်တံခါးပေါက်ကိုလည်း ကောင်းကောင်းကြီး ခေါက်နိုင်လိမ့်မည် ဖြစ်ပါသတည်း။

ဓမ္မော ဟိ ဣသီနံ ဓဇော။

သာသနာ့အောင်လံ လွှင့်ထူတော်မူနိုင်ကြပါစေ။



သီတဂူ အရှင်ဉာဏိဿရ

အဂ္ဂမဟာပဏ္ဍိတ (Ph.D., D.Litt.)

မန်းရွှေစက်တော်ဘုရား












ပထမ စေတီတော်

မန်းရွှေစက်တော်ဘုရားသည် မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ် တွင်တည်ရှိပါသည်။ မင်းဘူးမြို့နှင့် (၃၂) မိုင် ကွာဝေးပါသည်။ (၁၀၈)ကွက် စက်လက္ခဏာနှင့် ပြည်စုံသော မြတ်ဗုဒ္ဓ၏ ခြေတော်ရာ အစစ်ဖြစ်သောကြောင့် စက်တော်ရာ ဘုရားဟုခေါ်တွင်ပြီး၊ မန်းချောင်းအနီးတွင် တည်ရှိသဖြင့် မန်းစက်တော်ရာ ဘုရားဟုခေါ်ပါသည်။ တနည်းအားဖြင့် မန်းရွှေစက်တော်ရာ ဘုရား ဟုခေါ်ကြပါသည်။
မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း တပိုတွဲလဆန်း (၅)နေ့တွင် စတင်ဖွင့် လှစ်ပီး မြန်မာနှစ်ဆန်း (၁)ရက် ထိ ကျင်းပပါသည်။
ဗုဒ္ဓဘုရားရှင်သည် စန္နကူးနံ့သာ ကျောင်းတော်ရာ သို့ သီတင်းသုံးရန်ကြွချီလာပါသည်။ မင်းဘူး စက္ကိန်းတဲဘုရားနေရာတွင် ကျိန်းစက်တော်မူ ခဲ့သောကြောင့် ထိုနေရာတွင် စက္ကိန်းတဲစေတီကို တည်ထားကိုးကွယ်ကြပါသည်။ ဘုရားရှင် ကျိန်းစက်တော်မူခဲ့သော မြသား သလွန်တော်ကို မကွေးဘက်မှ ဘီလူးညီနောက် လာရောက် တောင်းပန်ယူဆောင်ပီး မြသလွန်ကို ဌာပနာ၍ မကွေး ဘက်ကမ်းတွင် မြသလွန်စေတီတော်ကို တည်ထား ကိုးကွယ်ပါသည်။ အပြန်လမ်းတွင် မုဆိုးနှင့် နဂါးတို့တောင်းပန်သောကြောင့် အထက်စက်တော်ရာ နှင့် အောက်စက်တော်ရာ ခြေတော်ရာများကို ချထားတော် မူခဲ့ပါသည်။
မန်းစက်တော်ရာ ခြေတော်ရာများသည် ဘုရားရှင်ကိုယ်တော်တိုင် ချထားသော ခြေတော်ရာများဖြစ်သဖြင့် သွားရောက်ဖူးမျှော်သင့် သလိုပျော်ရွှင်စရာ ကောင်းသော အညာဒေသ၏ စိမ့်စမ်းရေ မန်းချောင်းတွင် ရေချိုးရသော အရသာကိုလည်း ခံစားကြည့်သင့်ပါသည်။ ဘုရားလည်းဖူးရ၊ ပျော်ရွှင်စွာရေလည်းကစားရ ရေချိုးလည်းရ၊ ဘေးမဲ့တောတွင်လည်း လှည့်လည်ကြည့်ရှု့၍ သဘာဝတော အရသာကို ခံစားနိုင်မည်ဖြစ်ပါသည်။
ယခုအခါ မကွေးတံတား (ဧရာဝတီတံတား) ကိုတည်ဆောက်ပီး ဖြစ်သောကြောင့် သွားရေးလာရေး လွယ်ကူသွားပါသည်။ အရင်တုန်းကလို အချိန်ကိုတွက်၍ သွားလာစရာ မလိုတော့ပါ။ သွားချင်ပြန်ချင်သော အချိန်တွင် သွားလာလို့ရနေပါသည်။
မန်းရွှေစက်တော်ဘုရားပွဲတော်သည် ဆောင်းအကုန် နွေအကူးတွင် ဖွင့်လှစ်သောကြောင့် ရာသီဥတု သာယာပါသည်။ သို့ပေမယ့် အညာဒေသရဲ့ ဖုန်များကတော့ ပြေးလွှားဆော့ ကစားနေကြပါပီ။ မင်းဘူးကနေ ရွှေစက်တော်ကိုသွားသောလမ်းသည် တောလမ်းဖြစ်သောကြောင့် လမ်းတလျှောက်တွင် ဖုန်များ များပြားနေပါသည်။ ပွဲတော်သို့ရောက်လျင် လူများနှင့် ကားများမှာ ဖုန်များဖြင့် ပြည့်နေပါသည်။ အဲလိုဖုန်များ ပြည့်သလို ပူလည်း ပူအိုက်သောကြောင့် မန်းချောင်းထဲ ဆင်းပီး ရေချိုးရသော အရသာသည် မည်သည့် အရာနှင့် မလဲနိုင်အောင် ခံစားကြရမည်ဖြစ်ပါသည်။ ရေချိုး အနားယူပြီးလို့ ဘုရားဖူးဖို့ တောင်ပေါ်ကိုခြေလျင် တက်ကြရပါသည်။ တောင်ပေါ်တွင် ဘုရားဖူး ရှု့ခင်းကြည့်၊ သဘာဝ ဘေးမဲ့တောကို လေ့လာနိုင်ကြပါသည်။ တောင်ပေါ်က မောမောပန်းပန်းနှင့် ဆင်းလာပြီးလျင်လည်း မန်းချောင်းထဲဆင်း၍ ရေချိုးနိုင်ပါသည်။ ဘုရားပွဲလာသူများသည် ဘုရားလည်း ရေလည်းချိုးကြရပါသည်။ တနေ့ ရေ ၂ ကြိမ်လောက် ချိုးသူများပါသည်။ တချို့ဆိုလျင် အကြိမ်ရေတော်တော်များများ ရေချိုးကြပါသည်။ မြန်မာပြည်အလယ်ပိုင်း အညာဒေသရဲ့ အပန်းဖြေ ကမ်းခြေလေး တခုဖွယ်ဖြစ်ပါသည်။ မန်းချောင်းရေကလည်း ဘယ်လောက်ပဲ ချိုးချိုး အအေးမိတယ် ဖျားတယ် မရှိပါဘူး။ မန်းစက်တော်ရာ ပတ်ဝန်းကျင်ဒေသတွင် ဖူးမျှော်စရာ စေတီများ၊ သွားလာစရာ လေ့လာစရာ နေရာများလည်း ပေါများပါသည်။ ပွဲတော်ကွင်းပြင်ကလည်း ကျယ်သောကြောင့် လူများစည်ကားသောလည်း သွားရေးလာရေး အဆင်ပြေပါသည်။ ထို့ကြောင့် ဘုရားရှင်ကိုယ်တော်တိုင် ကြွရောက်တော်မူ ခဲ့သော နေရာဖြစ်သည့်အပြင် ဘုရားရှင်ကိုယ်တော်တိုင် ချထားတော်မူသော ခြေတော်ရာ အစစ်များရှိသောကြောင့် လာရောက်ဖူးမျှော် သင့်သလို အညာဒေသ၏ ဖုန်များ၊ ပူအိုက်သော ရာသီဥတုနှင့် အဆင်ပြေအောင် ပျော်ရွှင်စွာရေကစား ရေချိုးနိုင်သော မန်းချောင်း ရှိသောကြောင့် မန်းရွှေစက်တော် ဘုရားပွဲတော်ကို တခါ တခေါက်တော့ဖြင့် ဘုရားဖူးရင်း၊ ရေကစားရင်း လာရောက်ခဲ့ဖို့ ဖိတ်ခေါ်အပ်ပါသည်။



ခြေတော်ရာ



အောက်စက်တော်ရာ ညရှုခင်း

မေတ္တာ သာရဏီယတရား

ကာယကံမေတ္တာ

မေတ္တာနှင့်ယှဉ်၊ ပြုမူလျင်၊ အစဉ်အောက်မေ့ဖွယ်။
သူ့ဂုဏ်ကျေးဇူး၊ မမေ့ဘူး၊ အထူးအောက်မေ့တယ်။
အများချစ်ခင်၊ ရိုသေချင်၊ ခင်မင်လေးစားတယ်။
စိတ်ဝမ်းမကွဲ၊ တစ်သွေးထဲ၊ ညီလဲညီညွတ်တယ်။
ညီညွတ်သူဆောင်၊ ဆောင်တိုင်းအောင်၊ လူဘောင်ငြိမ်းချမ်းတယ်။

ဝစီကံမေတ္တာ

မေတ္တာနှင့်ယှဉ်၊ ပြောဆိုလျင်၊ အစဉ်အောက်မေ့ဖွယ်။
ချိုသာစကား၊ ကျိုးလိုလား၊ ကြားရချမ်းသာတယ်။
သူ့ဂုဏ်ကျေးဇူး၊ မမေ့ဘူး၊ အထူးအောက်မေ့တယ်။
အများချစ်ခင်၊ ရိုသေချင်၊ ခင်မင်လေးစားတယ်။
စိတ်ဝမ်းမကွဲ၊ တစ်သွေးထဲ၊ ညီလဲညီညွတ်တယ်။
ညီညွတ်သူဆောင်၊ ဆောင်တိုင်းအောင်၊ လူဘောင်ငြိမ်းချမ်းတယ်။

မနောကံမေတ္တာ

မေတ္တာနှင့်ယှဉ်၊ စိတ်ထားလျင်၊ အစဉ်အောက်မေ့ဖွယ်။
သူ့ဂုဏ်ကျေးဇူး၊ မမေ့ဘူး၊ အထူးအောက်မေ့တယ်။
အများချစ်ခင်၊ ရိုသေချင်၊ ခင်မင်လေးစားတယ်။
စိတ်ဝမ်းမကွဲ၊ တစ်သွေးထဲ၊ ညီလဲညီညွတ်တယ်။
ညီညွတ်သူဆောင်၊ ဆောင်တိုင်းအောင်၊ လူဘောင်ငြိမ်းချမ်းတယ်။
(ချမ်းမြေ့ဆရာတော်)